အပ်စိုက်ကုထုံးအကြောင်း သိထားသင့်သမျှ
အပ်စိုက်ကုထုံးဆိုတာ တရုတ်ရိုးရာကုသမှု တစ်ခုဖြစ်ပြီး အတွင်းအားနဲ့ စွမ်းအင်တွေ မျှတစေတဲ့ ကုသမှုလို့ ဆိုကြသလို နာကျင်မှုတွေ သက်သာစေတဲ့ ကုသမှုလို့လည်း ယုံကြည်ကြပါတယ်။
အနောက်တိုင်းဆေးပညာ အလိုအရ အပ်စိုက်ကုထုံးရဲ့ အပ်စိုက်ရမယ့် နေရာတွေကတဆင့် အာရုံကြောတွေ၊ ကြွက်သားတွေနဲ့ တွယ်ဆက်တစ်ရှူးတွေကို နှိုးဆွပြီး သဘာဝအတိုင်း (ဆေးထိုးဆေးသောက်စရာ မလိုဘဲ) နာကျင်မှုတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။
ယခုခေတ်ကာလမှာ အပ်စိုက်ကုထုံးကို နာကျင်မှုတွေနဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသက်သာအောင် အသုံးပြုကြပါတယ်။
ဘယ်လို ဝေဒနာတွေအတွက် အသုံးပြုတတ်သလဲ?
- သွားကိုက်တာ
- ကြွက်သားတွေနာတာ
- ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ
- ခါးနာ၊ လည်ပင်းနာတာ
- အဆစ်အမြစ်တွေကိုက်တာ
- ကလေးမွေးချိန် ဗိုက်နာတာ
- ရာသီလာစဥ် ဗိုက်နာတာ
- ကင်ဆာဆေးသွင်းပြီးချိန်နဲ့ ခွဲစိတ်ကုသပြီးချိန် ပျို့အန်တာတွေ အတွက် အပ်စိုက်ကုထုံးကို အသုံးပြုတတ်ကြပါတယ်။
ဆိုးကျိုးတွေ ရှိနိုင်သလား?
အမှန်တကယ် ကျွမ်းကျင်တဲ့သူနဲ့ ကုသရင် ဆိုးကျိုးမရှိသလောက် နည်းပါတယ်။ သေးငယ်တဲ့ အပ်ကလေးတွေ စိုက်ပြီး ကုသရတာဖြစ်လို့ နာကျင်မှုအနည်းငယ် ရှိတာ၊ သွေးအနည်းငယ်ထွက်တာ၊ အပ်စိုက်တဲ့နေရာမှာ အညိုအမဲစွဲသလို ဖြစ်တာတွေတော့ ဖြစ်နိုင်ပါတယ်။ ပိုးသတ်ပြီးသား အပ်အသစ်ကို အသုံးပြုဖို့လည်း လိုပါတယ်။
အောက်ပါ အခြေအနေတချို့ ရှိနေရင်တော့ အပ်မစိုက်ခင် ကြိုတင်ပြောပြ ဆွေးနွေးသင့်ပါတယ်။
- သွေးနဲ့ပတ်သက်တဲ့ ရောဂါရှိနေတာ၊ သွေးကျဲဆေး သောက်နေရတာ (ကုသမှုပြီးရင် သွေးမတိတ်တာမျိုး ဖြစ်နိုင်ပါတယ်)
- နှလုံးမှာ စက်တပ်ထားရတာ (တချို့သော ကုသမှုတွေမှာ အပ်စိုက်ပြီး လျှပ်စစ်လှိုင်း အသေးစားလေးတွေ လွှတ်ကာ နာကျင်မှု သက်သာအောင် လုပ်တာမျိုးရှိလို့ နှလုံးမှာ တပ်ထားတဲ့စက်ကို ထိခိုက်နိုင်ပါတယ်)
- ကိုယ်ဝန်ရှိနေတာ (အပ်စိုက်ရတဲ့ တချို့နေရာတွေက ဗိုက်နာအောင် လှုံ့ဆော်နိုင်စွမ်းရှိလို့ လမစေ့ဘဲ မွေးတာမျိုး ဖြစ်နိုင်လို့ပါ)
အပ်စိုက်ကုထုံးဟာ ကုသမှုအပေါ် မူတည်ပြီး တစ်နာရီခန့်ထိ ကြာမြင့်နိုင်ပါတယ်။ တချို့လူနာတွေက ကုသမှုပြီးပြီးချင်း နာကျင်မှုတွေ သက်သာသွားတာ၊ စိတ်ဖိစီးမှုတွေ လျော့ကျသွားတာ၊ အားအင်ပြည့်သွားသလို ခံစားရတာတွေ ရှိပြီး တချို့ကတော့ ဘယ်လိုမှ မထူးခြားတာလည်း ရှိတတ်ပါတယ်။ ကုသမှု ခံယူပြီး ရက်သတ္တပတ် အနည်းငယ် ကြာတဲ့အထိ ဘယ်လိုမှ မထူးခြားရင်တော့ ထပ်မံကုသမှု မခံယူတာက ပိုကောင်းပါလိမ့်မယ်။
လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ အပ်စိုက်ကုထုံးနဲ့မှ ဝေဒနာတွေ သက်သာတယ်လို့ ထင်တဲ့သူတွေလည်း ရှိမှာပါပဲ။ ရေနစ်နေတဲ့သူအတွက် ကောက်ရိုးတစ်မျှင်ဟာလည်း အားကိုးရာဖြစ်သလို ထိုးဆေး၊ စားဆေးတွေနဲ့ ဘယ်လိုမှ မသက်သာဘဲ ဖြစ်နေတဲ့ ဝေဒနာတွေအတွက် အပ်စိုက်ကုထုံးနဲ့လည်း စမ်းသပ်ကုသချင်တယ်၊ အန္တရာယ်ဖြစ်မှာလည်း စိုးရိမ်တယ် ဆိုသူများအတွက် အလေးထား ရေးသားလိုက်ရပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်